မြန်မာဆိုရိုးစကားများ # ၁

ကျွေးတုံ့ကျွေးလှည့် ၊ မွေးတုံ့မွေးလှည့် ။


မိဘသည် သားသမီးကို ကျွေးမွေးပြုစုရသကဲ့သို့ သားသမီးက မိဘကို အတုံ့အလှည့် ပြန်လည်လုပ်ကျွေးပြုစုရသည် ။ မိဘနှင့်သားသမီးတို့သည် အတုံ့အလှည့်ရှိကြလေရာ မိဘတို့က လုပ်ကျွေးပြုစုရ၍ သားသမီးတို့က မပြုစုဘဲ လျစ်လျူရှု၍နေလျှင် ဝတ္တရားပျက်စီး၏ ။



ခါးပုံတင် လူယဉ် ၊ ခါးပုံထိုး လူရိုး ၊ ခါးတောင်းကျိုက် လူမိုက် ။

မြန်မာဇာတ်သဘင် ၊ ရုပ်သေးသဘင်တို့၌ မင်းသားများသည် လူယဉ်ကျေးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံစကို ပခုံးထက်တင်၍ ဝတ်သည်၊ လူရိုးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံထိုး ဝတ်သည်၊ လူကြမ်းဟန် သရုပ်ဆောင်သည့်အခါ ခါးတောင်းကျိုက်သည်။



ငရုတ် တစ်လှမ်း ၊ ခရမ်း တစ်ခုန် ။

ငရုတ် စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် ခြေတစ်လှမ်းစာခန့် ခွာ၍ စိုက်ရပြီး ၊ ခရမ်းပင် စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ခုန်စာခန့် ခွာ၍ စိုက်ရသည် ။ ဒါမှ အပင်လည်းကြီး ၊ အသီးလည်း ထွားတတ်ပါတယ် ။



ငါနှင့်ငါသာ နှိုင်းစရာ ။

မာန်တက်နေသူသည် မိမိနှင့် နှုင်းယှဉ်လောက်သည့် ပုဂ္ဂိုလ် မရှိဟု ကိုယ့်ကိုကိုယ် ထင်တတ်သည် ။


ကုန်ရှုံးလျှင် တစ်ခေါက် ၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက် ။

ကုန်သွယ်၍ ကုန်ရှုံးလျှင် တစ်ခေါက်သာ ရှုံးသည် ၊ တစ်ကြိမ်ကြိမ်တွင် အမြတ်ပြန်ရနိုင်သေးသည် ။ အိမ်ထောင်ဖက်အရွေးမှားလျှင်ကား တစ်သက်လုံး ဒုက္ခတွေ့ရတတ်သည် ။
အိုးအိမ်တည်ထောင်မှုအရေးကိစ္စတွင် ကုန်ရှုံးလျှင် တစ်ခေါက် ၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက် ဆိုသည့်စကားအတိုင်း ယောင်္ကျားများထက် မိန်းမများမှာ ဆင်ခြင်တုံဥာဏ်သွားနှင့် ပိုမို၍ စဉ်းစားပြီး ပြုသင့်လေ၏ ။

No comments: