အမှတ်တမဲ့ # ၎





ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာတွေမှာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ဆင်းတုတော် ၊ ရုပ်တုတော်တွေကို ကိုးကွယ်ခြင်း အလေ့အထက ဗုဒ္ဓဘာသာ သာသနာတော်ပျံ့နှံ့ရာ နေရာဒေသတွေမှာ ရှိနေပါတယ်။ ဗုဒ္ဓရုပ်တု ဆင်းတုတော်တွေကို မြေအုတ် ၊ ကျောက် ၊ သစ်သား စတာတွေနဲ့ ပြုလုပ်ရာကနေ နောက်ပိုင်းမှာ အခုကျွန်တော်တို့တွေ ထုလုပ်ကိုးကွယ်နေကြတဲ့ သံ ၊ ကြေး ၊ ရွှေ ၊ ငွေ စတဲ့ သတ္တု ပစ္စည်းတွေနဲ့ ပြုလုပ်ကိုးကွယ်လာကြပါတယ် ။ ပုံမှန်စဉ်းစားကြည့်ရင်တော့ ထေရဝါဒ ဗုဒ္ဓဘာသာဝင် မဟုတ်သူများအနေနဲ့ ရုပ်တုတွေကိုဘဲ ကိုးကွယ်နေကြတယ်လို့ ထင်ကောင်းထင်နိုင်ကြပါတယ် … မဟုတ်ပါဘူး … ယခုလို ဆင်းတုတော်တွေကို ထုလုပ်ကိုးကွယ်တဲ့အခါမှာ ပိုမိုလေးစားရာဖြစ်အောင် “အနေကဇာ” တင်လေ့ရှိပါတယ်။
“အနေကဇာ” တင်ခြင်းဆိုတာကတော့ ပါဠိ ဝေါဟာရ “ အနေကဇာတိ ” နဲ့ မြန်မာဝေါဟာရ “တင်ခြင်း ”ကို ပေါင်းစပ်ထားတာဖြစ်ပါတယ် ။“ အနေကဇာတိ ” ဆိုတဲ့ ပါဠိဝေါဟာရမှာ မြတ်စွာဘုရား ဥဒါန်းကျူးရင့်တဲ့ အနေကဇာတိ သံသာရံ အစချီတဲ့ ဂါထာကနေ အစဦးဆုံး ဝေါဟာရကို ယူထားခြင်းဖြစ်ပါတယ် ။ ပါဠိ “ အနေကဇာတိ ”မှာ နောက်ဆုံးအသံ ၊ နောက်ဆုံး အက္ခရာဖြစ်တဲ့ “ တိ ” ကို ဥတ္တရလောပ လို့ဆိုအပ်တဲ့ ဘာသာဗေဒနည်းအရ ချေဖျက်ပြီး “ အနေကဇာ ”ကိုသာ ယူထားခြင်းဖြစ်ပါတယ်။ “ တင်ခြင်း ”မှာ တင်မြှောက်ခြင်း ၊ ပူဇော်ခြင်း လို့ဆိုပါတယ် ။ ဒါ့ကြောင့် အနေကဇာတိသံသာရံ အစချီပြီး ဥဒါန်းဂါထာကို ရွတ်ဆိုပြီး ဘုရားအဖြစ်သို့ တင်မြှောက် ပူဇော်ခြင်းဘဲ ဖြစ်ပါတယ် ။
ဘာကြောင့် ဒီဥဒါန်းဂါထာကို ရွတ်ဆိုကြသလဲဆိုရင် ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားက သက်တော် နှစ်ဆယ့်ကိုးနှစ်မှာ တောထွက်တော်မှုခဲ့ပြီး ဒုက္ကရစရိယာခြောက်နှစ်တိုင်တိုင်ကျင့်တော်မူပြီးတဲ့နောက်မှာ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ် ။ ဘုရားအဖြစ်ကို ရောက်တာနဲ့ ရှေးဦးစွာ ပထမဆုံး ဝမ်းမြောက်ဝမ်းသာကျူးရင့်ခဲ့တဲ့ဂါထာမှာ အနေကဇာတိ သံသာရံ အစချီတဲ့ ဂါထာနှစ်ပုဒ်ဘဲဖြစ်ပါတယ် ။ မြတ်စွာဘုရားသခင်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့အခါ ဝမ်းမြောက်ဝမ်းသာ နှစ်သက်ခြင်း ဖြစ်လာတဲ့ဂါထာတွေဖြစ်တာကြောင့် ထိုဂါထာကို ဥဒါန်းဂါထာ ( ဝမ်းမြောက်ခြင်း ) လို့ အဓိပ္ပာယ်ရပါတယ် ။ ပါဠိအနက်ကတော့ …
၁။ အနေကဇာတိသံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗီသံ ။
ဂဟကာရံ ဂဝေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပုနံ ။
၂။ဂဟကာရက ဒိဌောသိ ၊ ပုနဂေတံ နကာဟသိ ။
သဗ္ဗာ တေ ဟသုကာ သဂ္ဂါ ၊ ဂဟကူဋံ ဝိသင်္ခတံ ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံခယမဇ္ဇုဂါ ။
အဓိပ္ပာယ် …
၁။ အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲငြိုငြင်၏။ထို့ကြောင့် ခန္ဓာအိမ်ကို အကြိမ်များစွာ
ဆောက်လုပ်လာသော တဏှာယောင်္ကျား လက်သမားကို ဥာဏ်ဖြင့်မွှေ၍ ဘဝများစွာ
ရှာဖွေသောငါသည် သင့်ကိုမြင်နိုင် ဥာဏ်မဣိုင်ကို မပိုင်ရသေးသောကြောင့်သာလျှင်
သံသရာကာလပတ်လုံး ကျင်လည် ပြေးသွားခဲ့ရ၏ ။
၂။ ဟယ် … တဏှာယောင်္ကျား လက်သမား ၊ ပညာ စက္ခုသဗ္ဗညုဖြင့် သင့်ကို ယခု
ငါမြင်ပြီးသောသူဖြစ်ပြီး အတ္တဘောတည်း ဟူသော ခန္ဓာအိမ်ကို သင်သည်
တစ်ဖန်မပြုရသောအံ့ ။ သင်၏ ခပ်သိမ်းကုန်သော ၊ ကိလေသာတည်း တို့ကို
ချိုးဖျက်အပ်ကုန်ပြီ ။ အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်စီးအပ်ပြီ ။ ငါ၏စိတ်သည်
ပြုပြင်စီရင်ခြင်းကင်းသော နိဗ္ဗာန်သို့ အာရုံပြူသောအားဖြင့် ရောက်ပြီ ။ တဏှာတို့၏
ကုန်ရာ ကုန်ကြောင်း ဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီ ။
မြတ်စွာဘုရားသခင်ရဲ့ ရုပ်တုတော်ကို အနေကဇာတင်ရာမှာ အထက်ပါ ဂါထာတွေကို ဦးစွာ ရွတ်ဆိုကြတာက သက်တော်ထင်ရှားမြတ်စွားဘုရားသခင်သည် “ ကိလေသာကုန်ခန်း၍ ဘုရားအဖြစ်သို့ရောက်ပြီးသံသရာ၌ ကျင်လည်ရခြင်းမရှိတော့ပြီ ” လို့ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်သလို ဘုရားဆင်းတု ရုပ်တုသည်လည်း ဘုရားစင်စစ် အဖြစ်သို့ ရောက်ပြီဟု မှတ်ယူလာကြပြီး သက်တော်ထင်ရှား ဘုရားရှင်နဲ့အလားတူ စိတ်ထားပြီးပူဇော်ကြခြင်းဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေအတွက် ကောင်းမြတ်တဲ့ အလေ့အထလေးဖြစ်ပါတယ် ။။။

2 comments:

Aung said...

သာဓု၊ သာဓု၊ သာဓု
ကဆုန်လပြည့်နေ့မှာ လာဖတ်ပြီး ကြည်ညိုသဒ္ဓါပွားသွားပါတယ်။

လဂွန်းအိမ် said...

အနေကဇာတိသံသာရံ ပါဠိလေးကို လိုက်ရှာတာ သည်မှာ လာတွေ့လို့ အားရဝမ်းသာ ကူးယူသွားပါသည်။ copy / paste မရသဖြင့် ကူးယူရေးသားပါသည်။ ဓမ္မကုသိုလ် ထူးကို သာဓုခေါ်ပါသည်ခင်ဗျား။